နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့ အထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို ဩဂုတ်လ ၂၃ ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည်။
ထပ်ဆင့်ရှင်းလင်းပွဲတွင် ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း က အမှုများကို ကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာစစ်ဆေးပြီးပြတ်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ မုဒိမ်းမှု၊ လူသတ်မှု စသည့် ကြီးလေးသည့်ပြစ်မှုကျူးလွန်သူများအပေါ် ထိရောက်သည့် ပြစ်ဒဏ်များချမှတ်ကြရန်၊ စေ့စပ်ဖြေရှင်းရေးစနစ်သည် အချိန်တိုအတွင်း အမှုများပြီးပြတ်သည့် အတွက် တရားမမှုများ မှန်ကန်မြန်ဆန်စွာပြီးပြတ်ရေး အထောက်အကူဖြစ်သောကြောင့် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်၊ သက်သေခံပစ္စည်းများ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး မြန်မြန်ဆန်ဆန်စစ်ဆေးဆုံးဖြတ်ကြရန်၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် မှားယွင်းမှုများ၊ အားနည်းချက်များမရှိစေရေး အဆင့်ဆင့် အလေးထားစီစစ်ဆောင်ရွက်ကြရန်၊ အလေးထားဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် သေချာစွာ စိစစ်ဆောင်ရွက်ကြရန်၊ သေချာစွာစီစစ်မှုမပြုခြင်းကြောင့် ထိခိုက်နစ်နာမှုများ မဖြစ်ပွားစေရန် ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများ လိုက်နာစောင့်ထိန်းရမည့် ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ် စည်းကမ်းများကို ကျေပွန်စွာလိုက်နာစောင့်ထိန်းကြရန် စသည့်ဖြင့် မှာကြားချက်များကို ထပ်ဆင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်းနှင့် ဦးညွန့်လင်းတို့မှ လမ်းညွှန်အမှာစကားပြောကြားပြီး ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦးက ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားသည်။
အဆိုပါထပ်ဆင့်ရှင်းလင်းပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ် တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း ( ၃၀ ) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။