အမှတ် (၇) သဘာဝစိုက်ပျိုးထုတ်လုပ်ရေး၊ လက္ခဏစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း အား ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးစောစံလင်းက အသက်မွေးမှုအတတ်သင်စခန်းအား သွားရောက်ကြည့်ရှုရာတွင် အမှာစကားပြောကြားနေပုံ
ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးစောစံလင်းက စခန်းအတွင်းရှိ အကျဉ်းသားများအား တွေ့ဆုံမေးမြန်းကာ လိုအပ်သည်များ မှာကြားနေပုံ
ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အဖွဲ့က နေ့လည်စာထမင်း ကျွေးမွေးလှူဒါန်းနေပုံ

       (၂၁.၁၂.၂၀၂၀) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်ခန့်တွင် ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးစောစံလင်းသည် ကရင်ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်စိမ်းဝင်း၊ ဘားအံခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဒေါ်ဝင်းမြင့်၊ ဘားအံမြို့နယ် တရားသူကြီး ဒေါ်မေလင်းထူးတို့ လိုက်ပါလျှက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ညွှန်ကြားချက်အမှတ် (၅/၂၀၁၃) နှင့်အညီ အမှတ်(၇) သဘာဝစိုက်ပျိုးထုတ်လုပ်ရေး၊ လက္ခဏစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ စခန်းတာဝန်ခံအရာရှိ ဦးဌေးမောင်မောင်က စခန်း၏လုပ်ငန်းတာဝန်များ၊ စီမံခန့်ခွဲရေး၊ ထောက်ပံ့ရေးဆိုင်ရာများ၊ အကျဉ်းသားများ၏ အခြေအနေ၊ နေထိုင်စားသောက်မှု၊ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုနှင့် သောက်သုံးရေရရှိသုံးစွဲမှုတို့ကို ရှင်းလင်း တင်ပြသည်။ ထို့နောက် ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်အဖွဲ့သည် စခန်းအတွင်းရှိ အကျဉ်းသားများ၏ အဆောင် များကို လှည့်လည်ကြည့်ရှု၍ နေရာထိုင်ခင်းသက်သာချောင်ချိမှု ရှိ/မရှိ၊ ဥပဒေပါ အခွင့်အရေးများရရှိမှုအခြေအနေ၊ ကျန်းမာရေး အခြေအနေတို့ကို တွေ့ဆုံမေးမြန်းကာ လိုအပ်သည်များကို မှာကြားခဲ့ပြီး ယခုနှစ်ဒီဇင်ဘာလကုန်တွင် ပြစ်ဒဏ်ရက်စေ့၍ လွတ်မြောက်မည့် အကျဉ်းသား (၅) ဦးကို တွေ့ဆုံကာ ဆုံးမစကားပြောကြားခဲ့သည်။ ဆက်လက်၍ ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အဖွဲ့သည် ကရင်ပြည်နယ် တရားရေးမိသားစုများနှင့် စေတနာအလှူရှင်များ စုပေါင်း၍ အကျဉ်းသား (၂၃၃) ဦးအား နေ့လည်စာထမင်း ကျွေးမွေးလှူဒါန်းခဲ့ပါကြောင်း တင်ပြအပ်ပါသည်။