တရားရုံးဝန်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာအရည်အသွေးမြှင့်သင်တန်း (၂/၂၀၂၂)ဖွင့်ပွဲကို ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေး ခန်းမတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်၌ ကျင်းပခဲ့ရာ ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦး က သင်တန်းနှင့် ပတ်သက်၍ လိုအပ်သည်များကို မှာကြားခဲ့ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး နှင့် ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများနှင့် သင်တန်းသား/သူ (၂၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။ သင်တန်းကို (၁၂- ၁၂- ၂၀၂၂) ရက်နေ့မှ (၁၆- ၁၂- ၂၀၂၂) ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတွင် လက်တွေ့ငွေစာရင်းလုပ်ငန်းများ၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ လုပ်ငန်းတာဝန်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ နှင့် ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေး ဘာသာရပ်၊ အမှုတွဲထိန်းသိမ်းခြင်း၊ အမှုတွဲခန်းပို့ခြင်းနှင့် အမှုတွဲထိန်း၏တာဝန်များ၊ စစ်ဆေးရေးဘာသာရပ်၊ ဘီလစ်လုပ်ငန်း၊ ရုံးစာရေးသားနည်း၊ အမှုတွဲမိတ္တူကူးခြင်း၊ Mediation တို့ကို သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။