နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သော ပြည်ထောင်စုတရား လွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်း ဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၏ (၂၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနား ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ နံနက် ၀၇:၃၀ နာရီအချိန်ခန့်က ကရင်ပြည်နယ် တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ထပ်ဆင့်ရှင်းလင်းပွဲတွင် ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း က တရားစီရင်ရာတွင် ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်ကြရန် နှင့် ပြည်သူများ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ်ဖြစ်ထွန်းစေရေး ကြိုးပမ်း ဆောင်ရွက်ကြရန်၊ တရားရုံး စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ အချုပ်တရားခံပါ အမှုများကို ကြန့်ကြာမှုမရှိစေဘဲ စစ်ဆေးကြရန်နှင့် ခံဝန်အမှုများကိုလည်း ပြီးသင့် ပြီးထိုက်သည့်အချိန်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ကြရန်၊ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆောင်ရွက်သည့်အမှုများကိုလည်း ကြန့်ကြာမှုမရှိအောင် ဆောင်ရွက် ကြရန်၊ ပြဋ္ဌာန်းထားပြီးဖြစ်သော မူပိုင်ခွင့်ဥပဒေများသည် အာဏာသက်ရောက်ပြီးဖြစ်သည့် အတွက် မူပိုင်ခွင့်ဥပဒေချိုးဖောက်၍ စွဲဆိုလာမှုများကို မူပိုင်ခွင့်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးစီရင်ဆုံးဖြတ်ကြရန်၊ တရားစီရင်ရေးမဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၂၇)၏ တတိယနှစ် လုပ်ငန်းအစီအစဉ် (၂၀၂၅) အောင်မြင်စေရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်၊ တရားသူကြီးများသည် တရားစီရင်ရေး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရုံမျှဖြင့် လုံလောက်ပြီဟုဆိုနိုင်မည်မဟုတ်ဘဲ ပြောင်းလဲ နေသည့်ခေတ်ကို မျက်ခြည်မပြတ် လေ့လာ၍ ခေတ်နှင့်အညီ မိမိ၏ ကိုယ်ပိုင် အရည်အချင်းများ တိုးတက်မြင့်မားရေးကိုလည်း အလေးပေးဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း စသည်ဖြင့် မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားသည်။
ဆက်လက်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်နွဲ့နွဲ့ဦးမှ လမ်းညွှန် အမှာစကားပြောကြားပြီး ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်ပြုံးရီက အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့် ရှင်းလင်းပြောကြားပါသည်။
အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး နှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း (၃၁) ဦး တက်ရောက်ခဲ့ပါသည်။
တစ်ဆက်တည်းတွင် စစ်ဘေးရှောင် အိမ်ထောင်စု (၆)စုအား ချီးမြှင့်ထောက်ပံ့ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ ကော့ကရိတ်ခရိုင်တရားရုံးမှ အိမ်ထောင်စု (၂)စုနှင့် ဖာပွန်ခရိုင်/ မြို့နယ်တရားရုံးမှ အိမ်ထောင်စု (၄)စုတို့အား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး နှင့် တရားရေးအရာရှိများက အိမ်ထောင်စု (၁)စုလျှင် ချီးမြှင့်ငွေ - ၁၄၀၀၀၀/-ကျပ် နှင့် ဆန် (၆)ပြည် ၊ ဆီ (၁)လီတာ၊ ဆား (၅)ထုပ်၊ ကြက်သွန်နီ (၁)ပိသာ၊ ပဲဝါခြမ်း (၁)ပိသာတို့ကို ချီးမြှင့်ထောက်ပံ့ပေးခဲ့ပါသည်။