တရားရုံးဝန်ထမ်းများ၏ ဆန္ဒထုတ်ဖော်ပွဲနှင့် စားသောက်ကုန်ပစ္စည်းထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို (၅- ၇- ၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ အပိုင်း(၂)ပိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ပထမပိုင်းအစီအစဉ်တွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဒေါ်ခင်ဆွေထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ခင်စိမ်းဝင်းနှင့် ဦးညွန့်လင်းတို့မှ လမ်းညွှန်အမှာစကားပြောကြားပြီး ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦးက ရုံးလုပ်ငန်းပိုင်းဆိုင်ရာများကို ရှင်းလင်းပြောကြားပါသည်။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲသို့ တက်ရောက်လာသူများမှ တရားရေးအရာရှိ (၁)ဦးနှင့် ရုံးဝန်ထမ်း (၂)ဦးတို့မှ ရုံးလုပ်ငန်းဆိုင်ရာများကို တင်ပြကြရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်တရားရေးဦးစီးမှူးတို့က ဖြည့်စွက်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဒုတိယပိုင်းအစီအစဉ်ကို တစ်ဆက်တည်းကျင်းပခဲ့ရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဒေါ်ခင်ဆွေထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများနှင့် ပြည်နယ်တရားရေးဦးစီးမှူးတို့က တရားရေးအရာရှိများ နှင့် ရုံးဝန်ထမ်းများ (၇၁)ဦးအတွက် စားသောက်ကုန်ပစ္စည်း ဆီ၊ ကြက်ဥနှင့် ကြက်သွန်နီတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး နှင့် ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံး၊ ဖာပွန်ခရိုင်/ မြို့နယ်တရားရုံး၊ ကော့ကရိတ်ခရိုင်/ မြို့နယ်တရားရုံး နှင့် ကြာအင်းဆိပ်ကြီးခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများ နှင့် ရုံးဝန်ထမ်းများ စုစုပေါင်း (၆၂) ဦး တက်ရောက်ခဲ့ကြပါသည်။