ကရင်ပြည်နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့အား တွေ့ဆုံနှုတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွှဲ ၁၃း၀၀ နာရီအချိန်က ကရင်ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း တက်ရောက်၍ နှုတ်ဆက်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း ကရင်ပြည်နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့အနေဖြင့် အခက်အခဲများအားလုံးကို ကျော်လွှားပြီး မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ရပ်တန့်မနေဘဲ အကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့သည်ကိုတွေ့ရပါကြောင်း၊ ဥပဒေသတ်မှတ်ထားချက်အရ ၅ နှစ်သက်တမ်း ပြည့်မြောက်တော့မှာဖြစ်သည့်အတွက် တာဝန်ဝတ္တရာများကလည်း မကြာမီပြီးဆုံးတော့မှာ ဖြစ်ပါကြောင်း၊ တာဝန်ပြီးမြောက်သည့်အခါ နောက်ဆက်ခံမည့်အဖွဲ့အား တာဝန်ဝတ္တရားများကို စနစ်တကျ လွှဲပြောင်းပေးစေလိုပါကြောင်း၊ တာဝန်ဝတ္တရာ ပြီးဆုံးသွားသော်လည်း ၅ နှစ်တာ အတွင်းရရှိသည့်အတွေ့အကြုံကောင်းများကို နောင်လာမည့် မျိုးဆက်သစ်အဖွဲ့အစည်းသစ်များထံသို့ လက်ဆင့်ကမ်းပေးစေလိုပါကြောင်း၊ ပြီးခဲ့သော ၅ နှစ်တာ ကာလပတ်လုံး မိမိတို့၏ကိုယ်ပိုင် အချိန်များကို မငဲ့ကွက်ဘဲ နိုင်ငံနှင့် ပြည်သူ့အကျိုးအတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ပေးခဲ့ကြသော ဥက္ကဌ နှင့်အဖွဲ့ဝင်များကို လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်လျက်ရှိပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများအားပေးအပ်ပြီး ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဌက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၊ ရုံးအဖွဲ့မှူးတို့ တက်ရောက်ခဲ့ကြပါသည်။



