သတင်းများ

ကရင်ပြည်နယ်တရားလွှတ်တော်တွင် ငြင်းချက်ထုတ်ခြင်းနှင့်သမ္မန်စာချအပ်ခြင်းဆိုင်ရာ သင်တန်းကျင်းပ
Post Image

       ကရင်ပြည်နယ်တရားလွှတ်တော်တွင် ငြင်းချက်ထုတ်ခြင်းနှင့်သမ္မန်စာချအပ်ခြင်းဆိုင်ရာ သင်တန်းကို ကရင်ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉:၀၀ နာရီ တွင် ကျင်းပပြုလုပ်ခဲ့သည်။

          သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်းက တရားမမှုများ စစ်ဆေးစီရင်ဆုံးဖြတ်ရာတွင် အဓိကကျောရိုးဖြစ်သော ငြင်းချက် များ မှန်မှန်ကန်ကန်ထုတ်တတ်စေရန်နှင့် တရားရုံးသို့ စွဲဆိုလာသော တရားမမှုများ၏ ကနဦး အဆင့်များ လျင်မြန်မှန်ကန်စေရန်နှင့် သမ္မန်စာချအပ်ခြင်းလုပ်ငန်းစဉ်များ မှန်ကန်တိကျစေရန် ရည်ရွယ်၍ ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းကို အဖွင့်မိန့်ခွန်းတွင်ပြောကြားခဲ့ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီး(၁) ဒေါ်ခင်စိမ်းဝင်းက ငြင်းချက်များ၊ ဥပဒေငြင်းချက်များ သို့မဟုတ် သဘောတူညီထားသောငြင်းချက်များအရ တရားမမှုများကို ဆုံးဖြတ်ခြင်းအကြောင်း နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီး(၂) ဒေါ်နွဲ့နွဲ့ဦးက သမ္မန်စာချအပ် ခြင်းဆိုင်ရာ ဘာသာရပ်ကို ပို့ချဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်းက ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးများတွင် ပြည်ထောင်စု တရားသူကြီးချုပ် နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများက ငြင်းချက်များ၊ ဆင့်စာများနှင့်ပတ်သက်သည့် လမ်းညွှန်မှာကြားချက်များအပေါ် ဖတ်ကြားရှင်းလင်းခြင်း၊ ခရိုင်၊ မြို့နယ်တရားရုံးများ၏ အမှုတွဲများမှတွေ့ရှိရသည့် ငြင်းချက်များနှင့် သမ္မန်စာများ၏ လိုအပ်ချက် များအပေါ် ပို့ချဆွေးနွေးမှာကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းမှာ သင်ယူခဲ့ရသော ပညာရပ်များကိုလက်တွေ့ လုပ်ငန်းခွင်တွင် မှန်ကန်စွာ အသုံးချပြီး အမှုများအား ကြန့်ကြာမှုမရှိစေဘဲ မှန်မှန်နှင့်မြန်မြန် စစ်ဆေးစီရင်ခြင်းဖြင့် တရားရုံးအပေါ် အများပြည်သူယုံကြည်ကိုးစားလာစေရန်နှင့် တရားရုံးအပေါ်ထားရှိသော ယုံကြည်မှုများကို ပိုမိုခိုင်မာလာစေရန်အတွက် ကြိုးပမ်းကြခြင်းဖြင့် မိမိတို့၏တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ကြစေရန် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

          အဆိုပါ သင်တန်းသို့ ကရင်ပြည်နယ်တရားလွှတ်တော်နှင့် ဘားအံခရိုင်/ မြို့နယ်တရားရုံးများမှ အရာထမ်း/အမှုထမ်း ( ၆၅ )ဦး တက်ရောက်ပြီး ကျန်ခရိုင်/ မြို့နယ်တရားရုံးများမှ အရာထမ်း/ အမှုထမ်း၊ သင်တန်းသား/ သင်တန်းသူ (၃၈)ဦးက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။