ကရင်ပြည်နယ်တရားလွှတ်တော်နှင့် ကရင်ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်တရားရုံးများ၏ ကြန့်ကြာမှုခင်းများကျဆင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ ၁၃:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးဒေါ်ခင်စိမ်းဝင်းနှင့် ဒေါ်နွဲ့နွဲ့ဦး၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်မြတ်ခိုင်ဝင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများပါဝင်သည့် တရားသူကြီးစုစုပေါင်း (၃၁) ဦး တက်ရောက်ခဲ့ပါသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်းက ၂၀၂၆ ခုနှစ် နှစ်ကုန်တွင် ကြန့်ကြာအမှုများပြီးပြတ်ရေးအတွက် ယခုကတည်းက ကြိုးစားစစ်ဆေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြီးခဲ့တဲ့ (၆)လပတ်အစည်းအဝေးတွင် ပြီးပြတ်ရန်တာဝန်ခံထားသောအမှုများအား အမှန်တကယ်ပြီးပြတ်ရန်လိုကြောင်း၊ အမှုများ စစ်ဆေးစီရင်ရာ၌ အခက်အခဲများရှိပါက တင်ပြကြရန်လိုကြောင်းနှင့် အခက်အခဲမရှိပါက ကြန့်ကြာအမှုများပြီးပြတ်ရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပြီးနောက် ပြည်နယ်တရား လွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်းနှင့် ဒေါ်နွဲ့နွဲ့ဦးတို့က တရားစီရင်ရေးကိစ္စရပ်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် ခရိုင်၊ မြို့နယ်တရားရုံးများမှ တရားသူကြီးများက မိမိတို့ရုံး၏ရုံးလုပ်ငန်းများ၊ ကြန့်ကြာမှုခင်းများကို ဆွေးနွေးတင်ပြကြပြီး ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်းက တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးမှာကြားပြီး နိဂုံးချုပ်အမှာစကားပြောကြား ကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညနေ ၁၆: ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။





