ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တရားရုံးတွင် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရေး မိတ်ဆက်ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ကော့ကရိတ်မြို့နယ် တရားရုံး အစည်းအဝေးခန်းမ၌ ဇွန်လ (၂၈)ရက်၊ နံနက်(၀၉ :၃၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ကရင်ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ် တရားရေးဦးစီးမှူး၊ ညှိနှိုင်းရေးမှူး၊ ကော့ကရိတ်ခရိုင်တရားသူကြီး၊ မြို့နယ်တရားသူကြီး၊ ကော့ကရိတ်ခရိုင်ဥပဒေအရာရှိ၊ မြို့နယ်အဆင့် ဥပဒေအရာရှိများ၊ ရှေ့နေများ၊ ရဲအရာရှိများ နှင့် တရားရုံးဝန်ထမ်းများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကိုက အဖွင့် အမှာစကား ပြောကြားရာတွင် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို ၂၀၁၅ခုနှစ်တွင် ရှေ့ပြေးတရားရုံး (၃)ရုံးဖြင့် စတင်စမ်း သပ်ကျင့်သုံးခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် (၅)ရုံး ထပ်မံတိုးကာ ၂၀၂၀ ပြည့်နှစ်ထိ စုစုပေါင်း (၁၃၄)ရုံး အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ပြီးဖြစ်ကြောင်း၊ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂)၏ မဟာဗျူဟာလုပ်ငန်းနယ်ပယ် ၅- ထိရောက်သော မှုခင်းစီမံခန့်ခွဲမှု နှင့် တရားရုံးကဆောင်ရွက်သော အထူးမှုခင်းကိစ္စရပ်တို့ကို တိုးမြှင့် ဆောင်ရွက်ရန် " နိုင်ငံတစ်ဝန်း တရားရုံးများတွင် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်"( National Case Management Program-NCMP)ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ဖြင့် ကော့ကရိတ်ခရိုင်တရားရုံးတွင် (၁-၁-၂၀၂၁)နေ့က စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ကော့ကရိတ်မြို့နယ်တရားရုံး၌ (၁-၇-၂၀၂၁)နေ့တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဖြင့် အမှုများစစ်ဆေးဆောင်ရွက်ရာတွင် လုပ်ငန်းအောင်မြင်ရန် တရားသူကြီးတစ်ဦးတည်းနှင့် ဆောင်ရွက်၍ရနိုင်မည်မဟုတ်သဖြင့် တရားရုံးဝန်ထမ်းများ၊ ရှေ့နေရှေ့ရပ်များ၊ တရားစွဲအဖွဲ့အစည်းများနှင့် ဆက်စပ်အဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်စန်းဝင်းက မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်၏ ရည်ရွယ်ချက်၊ ရရှိမည့်အကျိုးကျေးဇူး၊ အမှုမကြားနာမီ အမှုအမျိုးအစား သတ်မှတ်ခြင်း၊ ကြားနာစစ်ဆေးမည့်ကာလ ကြာမြင့်ချိန် သတ်မှတ်ခြင်းဆိုသည့် အဓိကလုပ်ငန်းစဉ်နှစ်ရပ် အပါအဝင် အမှုအမျိုးအစားအလိုက် ကြန့်ကြာမည့်အချိန်ကာလများကို ရှင်းလင်းပြောကြားခဲ့သည်။