ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရား လွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊ ခရိုင်တရားရုံးများ၏ ၃၁ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့်အခမ်းအနားကို ၂၀၂၆ ခုနှစ် ဇူလိုင်လ၂၂ ရက်နေ့ နံနက် ၉:၀၀ နာရီအချိန်က ကရင်ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ Video Conferencing (Zoom)ဖြင့် ကျင်းပသည်။
ထပ်ဆင့်ရှင်းလင်းပွဲသို့ ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း ၂၃ ဦးတို့မှာ In person တက်ရောက်၍ ကော့ကရိတ်ခရိုင်/ မြို့နယ်တရားရုံး၊ မြဝတီခရိုင်/ မြို့နယ်တရားရုံး၊ ကြာအင်းဆိပ်ကြီးခရိုင်/ မြို့နယ်တရားရုံး နှင့် သံတောင်ကြီးခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိ (၉)ဦး တို့မှာ Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။
ထပ်ဆင့်ရှင်းလင်းပွဲတွင် ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်းက ပြည်ထောင်စုတရားသူကြီးချုပ်၏ အဖွင့်အမှာစကားနှင့် နိဂုံးချုပ်အမှာစကား၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၏ လမ်းညွှန်ချက်အမှာစကားများကို ထပ်ဆင့်ရှင်းလင်း မှာကြားပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်းနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်နွဲ့နွဲ့ဦးတို့မှ တရားစီရင်ရေးဆိုင်ရာများကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်မြတ်ခိုင်ဝင်းက (၃၁) ကြိမ်မြောက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၏ တရားစီရင်ရေး၊ စီမံခန့်ခွဲရေးနှင့် ရုံးလုပ်ငန်းဆိုင်ရာ မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ဆွေးနွေးမှာကြားခဲ့ပါသည်။




