သတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ (၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်း
Post Image

       နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့ အထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲ (၁၄:၀၀) နာရီအချိန်တွင် ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည်။
        ထပ်ဆင့်ရှင်းလင်းပွဲတွင် ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း က တရားစီရင်ရေးတာဝန်ထမ်းဆောင်နေသည့် တရားသူကြီးများသည် တရားဥပဒေစိုးမိုးရေးအတွက် အဓိကဆောင်ရွက်နေရသူများဖြစ်၍ စွမ်းရည်ရှိသည့် ပုဂ္ဂိုလ်များဖြစ်ရန်လိုကြောင်း၊ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရန် လိုကြောင်း၊ ကိုယ်တိုင်လည်း အရည်အချင်းရှိရမည်ဖြစ်ပြီး လက်အောက်ကိုလည်း ကြီးကြပ်ကွပ်ကဲမှုကောင်းရန် လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းကျင့်ဝတ်များကို လိုက်နာကြရမည်ဖြစ်သကဲ့သို့ တရားစီရင်ရေး ဆိုင်ရာကျင့်ဝတ်ကိုလည်း လိုက်နာရမည်ဖြစ်ပြီး မိမိတို့၏တစ်ဦးချင်း လုပ်ငန်းတာဝန်များကို သစ္စာရှိရှိကျေကျေပွန်ပွန် ထမ်းဆောင်သွားကြရန်၊ တရားစီရင်ရာတွင် ဥပဒေနှင့် အညီ မှန်ကန် မြန်ဆန်စွာ အဆုံးအဖြတ်ပြုလျှက် ပြည်သူအများ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ် ဖြစ်ထွန်းရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရန်၊ အမှုလက်ကျန်များကို ပြီးပြတ်စေရန် တာဝန်ရှိ၍ ပြီးပြတ်နှုန်း ၁၀၀ % အထက်ဖြစ်ရန်လိုကြောင်း၊ မှန်မှန်နှင့် မြန်မြန် တရားစီရင်ရေး ဆောင်ရွက်ကြရန်၊ အချုပ်တရားခံအမှုများ ကြန့်ကြာမှုမရှိစေရေး ညွှန်ကြားချက်များနှင့်အညီ အထူးဂရုပြုလိုက်နာဆောင်ရွက်ကြရန်၊ သက်သေခံပစ္စည်းများနှင့် ပတ်သက်၍ ပျက်ဆီးဆုံးရှုံးမှု မရှိစေရေး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရန် စသည့်ဖြင့် မှာကြားချက်များကို ထပ်ဆင့် ရှင်းလင်း ပြောကြားသည်။ ဆက်လက်ပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ခင်စိမ်းဝင်း နှင့် ဦးညွန့်လင်းတို့မှ လမ်းညွှန်အမှာစကားပြောကြားပြီး  ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦးက စီမံရေးရာနှင့် ထောက်ပံ့ရေးရာ မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားပါသည်။

         အဆိုပါထပ်ဆင့်ရှင်းလင်းပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ် တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း (၃၂) ဦး တက်ရောက်ခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ