ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ (၂၂)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်း
နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ ထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ ခရိုင်တရားသူကြီးများ/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီး များ၏ (၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို ဖေဖော်ဝါရီလ ၂၂ ရက် နေ့ နံနက် ၈ နာရီခွဲခန့်က ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ပါသည်။
ထပ်ဆင့်ရှင်းလင်းပွဲတွင် ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးသိန်းကိုကိုမှ ပြည်ထောင်စုတရားသူကြီးချုပ်က အမှုများကို ကြန့်ကြာမှုမရှိစေဘဲ မျှတမှန်ကန်စွာအမြန်စစ်ဆေးပြီးပြတ်စေရေး၊ လက်အောက်တရားရုံးများကို စိစစ်ကြပ်မတ်ပြီး မှားယွင်းချွတ်ချော်မှုများ ပြင်ဆင်တည့်မတ်ပေးရေး၊ သီးသန့်တရားရုံးဖြင့် စစ်ဆေးနေသည့်အမှုများ ကြန့်ကြာမှုမရှိမှန်ကန်မြန်ဆန်စွာစစ်ဆေးပြီးပြတ်စေရေး၊ နိုင်ငံ့ဝန်ထမ်းများဖြစ်၍ နိုင်ငံတော်အပေါ် သစ္စာစောင့်သိကြရန်နှင့် ၂၀၂၂ ခုနှစ် တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း ပဥ္စမနှစ်လုပ်ငန်းအစီအစဉ်အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်စေရေး စသည့်လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့ပါသည်။
အဆိုပါထပ်ဆင့်ရှင်းလင်းပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း ၂၃ ဦး တက်ရောက်ခဲ့ကြပါသည်။