ကရင်ပြည်နယ်တရားလွှတ်တော်(၁၃၄ ပေx၁၄၁ ပေ) RC(၃)ထပ် အဆောက်အဦသစ် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့၊ နံနက် ၈ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဆေးရုံလမ်းရှိ အဆိုပါ မြေနေရာ၌ ကျင်းပပါသည်။
အဆိုပါ အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်မှ အရာထမ်း/ အမှုထမ်းများ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၁၃)မှ အရာထမ်း/ အမှုထမ်းများ၊ ပြည်နယ်အတွင်းရှိ ခရိုင်/ မြို့နယ်တရားရုံး တို့မှ တရားသူကြီးများ နှင့် အမှုထမ်းများ၊ ကရင်၊ ပအိုဝ်း၊ မွန်တိုင်းရင်းသားအဖွဲ့များ၊ ပန်းပွား၊ ဘင်ခရာအဖွဲ့များ စုစုပေါင်းအင်အား ၃၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်းနှင့် အစိုးရအဖွဲ့ ဝန်ကြီးများက ကရင်ပြည်နယ်တရားလွှတ်တော် အဆောက်အဦသစ်အား သတ်မှတ်ထားသော နေရာများတွင် မင်္ဂလာပန္နက်ရိုက်၍ အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြပါသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အခမ်းအနားသို့ တက်ရောက်သူ တိုင်းရင်းသားများဖြစ်သည့် ကရင်၊ ပအိုဝ်း၊ မွန်အဖွဲ့နှင့် ပန်းပွား၊ ဘင်ခရာအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။
ပန္နက်တော်တင်မင်္ဂလာအခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက အမှတ်တရ စုပေါင်းမှတ်တမ်း ဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး ကရင်ပြည်နယ်တရားလွှတ်တော် အဆောက်အဦသစ်ကို အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃)မှ တာဝန်ယူတည်ဆောက်သွားမည် ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်က အဆောက်အဦ ဆောက်လုပ်မည့် ပရဝုဏ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ပါသည်။
















