သတင်းများ

ကရင်ပြည်နယ်တရားလွှတ်တော်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံး၊ ခရိုင်တရားရုံးများ၏ ၂၉ ကြိမ်မြောက် လုပ်ငန်း ညှိုနှိုင်းအစည်းအဝေး ထပ်ဆင့် ရှင်းလင်းပွဲကျင်းပ
Post Image

         ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဩဂုတ် ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံး၊ ခရိုင်တရားရုံးများ၏ ၂၉ ကြိမ်မြောက် လုပ်ငန်းညှိုနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက် များအပေါ် ထပ်ဆင့်ရှင်းလင်းသည့်အခမ်းအနားကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၉:၀၀ နာရီအချိန်က ကရင်ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။     ထပ်ဆင့်ရှင်းလင်းပွဲသို့ ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း ၃၀ ဦး တက်ရောက်၍ မြဝတီခရိုင်/ မြို့နယ်၊ သံတောင်ကြီးခရိုင်/ မြို့နယ်တရားရုံးများမှ တရားသူကြီး ၅ ဦးတို့မှာ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

            ထပ်ဆင့်ရှင်းလင်းပွဲတွင် ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်းက ပြည်ထောင်စုတရားသူကြီးချုပ်၏ မှာကြားချက်များဖြစ်သည့် တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် ဝန်ထမ်းများအားလုံးသည် နိုင်ငံသား၊ နိုင်ငံ့ဝန်ထမ်းများဖြစ်၍ ပါတီစုံဒီမိုကရေစီ အထွေထွေရေးကောက်ပွဲအောင်မြင်စေရေးအတွက် ကျရာကဏ္ဍမှ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားပြီးဖြစ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) (Anti-Money Laundering and Countering the Financing of Terrorism) ဆိုင်ရာ ၂၀၂၅ ခုနှစ် လုပ်ငန်းအစီအစဉ် နှင့် AML/CFT ဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အန္တရာယ်အခြေပြုချဉ်းကပ်စစ်ဆေးသည့် လက်စွဲကို လေ့လာသိရှိထားကြရန်၊ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား အများပြည်သူပိုမိုသိရှိနိုင်အောင် အသိပညာပေးတိုးမြှင့် လုပ်ဆောင်သွားရန်၊ မှုခင်းများ စစ်ဆေးရာတွင် ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်ကြရန်နှင့် ပြည်သူများ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ် ဖြစ်ထွန်းစေရေး အလေးပေးဆောင်ရွက်သွားကြရန် မှာကြားချက်များကို ထပ်ဆင့် ရှင်းလင်းမှာကြားသည်။

       ထို့နောက် ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က (၂၉) ကြိမ်မြောက် လုပ်ငန်းညှိုနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးများ၏ တရားစီရင်ရေးဆိုင်ရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့် ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ