ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊ ခရိုင်တရားရုံးများ၏ ၃၀ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့်အခမ်းအနားကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၉:၀၀ နာရီအချိန်က ကရင်ပြည်နယ်တရားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ထပ်ဆင့်ရှင်းလင်းပွဲသို့ ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း ၂၉ ဦး တက်ရောက်ကြပြီး မြဝတီခရိုင်/မြို့နယ်၊ ကြာအင်းဆိပ်ကြီး ခရိုင်/မြို့နယ်၊ သံတောင်ကြီး ခရိုင်/ မြို့နယ်တရားရုံးများမှ တရားသူကြီး ၆ ဦးတို့မှာ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
ထပ်ဆင့်ရှင်းလင်းပွဲတွင် ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်းက ပြည်ထောင်စုတရားသူကြီးချုပ်၏မှာကြားချက်များဖြစ်သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အွန်လိုင်းငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေးတို့ကို နိုင်ငံတော်က အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိရာ တရားရုံးများအနေဖြင့် တရားစီရင်ရာတွင် ဥပဒေနှင့်အညီ ထိရောက်ဟန့်တားသည့် ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းထားပြီးဖြစ်၍ ယင်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တရားရုံးအားလုံးက လိုက်နာစစ်ဆေးစီရင်ကြရန်လိုကြောင်း၊ သီးသန့်တရားရုံးဖြင့် ရုံးထိုင်စစ်ဆေးသည့်အမှုများ၊ ဘဏ်များက စွဲဆိုသည့်အမှုများကိုလည်း ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်ကြရန်လိုကြောင်း၊ သက်သေခံပစ္စည်းများ စီမံခန့်ခွဲခြင်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာသိမ်းသက်သေခံယာဉ်များကို သတ်မှတ်အချိန်ကာလအတွင်း အပ်နှံကြရန် နှင့် ကြန့်ကြာမှုမရှိစေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကောင်းမွန်သည့်ရလဒ် ပိုမို ထွက်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် မူပိုင်ခွင့်ဆိုင်ရာ၊ အနုညာတစီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ ၊ လူမွဲခံယူခြင်းဆိုင်ရာတို့နှင့် စပ်လျဉ်းသည့် ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံတကာ သဘောတူစာချုပ်များကိုလည်း နားလည် ကျွမ်းကျင်အောင် ဖတ်ရှုလေ့လာမှတ်သားကြရန်လိုကြောင်း၊ တရားရုံးများ စစ်ဆေးခြင်းကိုလည်း မပျက်မကွက် ပုံမှန်စစ်ဆေးသွားကြရန်နှင့် ရှောင်တခင်စစ်ဆေးခြင်းများကိုလည်း အခါအားလျော်စွာ စစ်ဆေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)၏ စတုတ္ထနှစ် လုပ်ငန်းအစီအစဉ် (၂၀၂၆) တွင် ချမှတ်ထားသည့် လုပ်ငန်းအစီအစဉ်များ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုကြောင်း၊ နိုင်ငံခြားသားနှင့် မြန်မာအမျိုးသမီး ထိမ်းမြားလက်ထပ်ပေးသည့် ကိစ္စများတွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ လက်ထပ်ထိမ်းမြားမှု တရားဝင်ဖြစ်စေရေး၊ အလွယ်တကူ လက်ထပ်ထိမ်းမြားပေးခြင်းဖြင့် မလိုလားအပ်သော လူကုန်ကူးမှုကဲ့သို့ ဥပဒေပြသာနာများ ပေါ်ပေါက်လာနိုင်သည့် အခြေအနေများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ထိမ်းမြား လက်ထပ်ရာတွင် လိုအပ်သည့် အချက်အလက်များကို ပြည့်စုံမှုရှိ၊မရှိ သေချာစွာ စိစစ်ပြီး ဆောင်ရွက်ကြရန်နှင့် ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေအရ ဝိနည်းနှင့်အညီ ထိမ်းမြား လက်ထပ်ရာတွင်လည်း ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ထပ်ဆင့်ရှင်းလင်းမှာကြားသည်။
ထို့နောက် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်ပြုံးရီက (၃၀)ကြိမ်မြောက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၏ တရားစီရင်ရေး၊ စီမံခန့်ခွဲရေးနှင့် ရုံးလုပ်ငန်းဆိုင်ရာ မှာကြားချက်များကို ထပ်ဆင့် ရှင်းလင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရသည်။



