ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်းသည် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်မြတ်ခိုင်ဝင်း၊ ရုံးအဖွဲ့မှူး ဒေါ်မျိုးမာလာခင်၊ ဘားအံခရိုင်တရားသူကြီး ဒေါ်သက်သက်ဦး၊ ဘားအံမြို့နယ်တရားသူကြီး ဒေါ်နန်းသီရိခင်ခင်တို့နှင့်အတူ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက် နံနက် (၀၉:၀၀)နာရီအချိန်တွင် ဘားအံအကျဉ်းထောင်သို့ သွားရောက်စစ်ဆေးခဲ့ရာ ဘားအံအကျဉ်းထောင် တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ဌေးက အချုပ်ခံရသူများနှင့် ပြစ်ဒဏ်ကျခံနေသော အကျဉ်းသား/သူများ၏ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ သောက်သုံးရေရရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးနှင့်အဖွဲ့သည် အချုပ်ခံနေရသော အကျဉ်းသား/ အကျဉ်းသူများနှင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/ သူများ၏ အိပ်ဆောင်များ၊ စားဖိုဆောင်၊ အကျဉ်းထောင်ဆေးခန်း၊ အကျဉ်းထောင်ရေသန့်စက်ရုံ၊ ထောင်တွင်းစိုက်ခင်းများကို လှည့်လည်ကြည့်ရှု၍ အချုပ်ခံနေရသူများ၊ ပြစ်ဒဏ်ကျခံနေရသူများနှင့် တွေ့ဆုံပြီး နေရာထိုင်ခင်း၊ အစားအသောက်နှင့် မကျန်းမာပါက ဆေးကုသခွင့် ရှိ မရှိ၊ နှိပ်စက်ညှင်းပန်းခြင်း ရှိ မရှိ၊ အမျိုးသမီး တရားခံများကို အကာအရံ လုံခြုံစွာထားရှိမှု အခြေအနေနှင့် ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ခံစားနိုင်ရေးစသည်တို့နှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။



